စိတ်ချမ်းသာစွာနေထိုင်နိုင်ရေးသည် ဘ၀တစ်ခုအတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသည်။ ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာ မည်မျှပင် ရှိနေစေကာမူ စိတ်ချမ်းသာမှုတစ်ခု ဆိတ်သုဉ်းနေပါက ရရှိထားသည့် ဘ၀တစ်ခု၏တန်ဖိုးသည် ပြီးပြည့်စုံသည်ဟု မဆိုသာပေ။ တစ်ချိန်တည်းမှာပင် ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံခြင်းသည် စိတ်ချမ်းသာရေးတွင် အထောက်အပံ့တစ်ခုအနေဖြင့် ပါဝင်နေသည်ကိုလည်း ငြင်းပယ်၍မရနိုင်ပေ။ ဤနေရာတွင် ဘ၀အတွက် ပဓာနနှင့် သာမညကို နားလည်သဘောပေါက်ပြီး ပဓာနကျသည့် လမ်းကြောင်းအမှန်ကို ရွေးချယ်ပြီး လက်တွေ့ကျကျ ကျင့်သုံးနိုင်မှသာလျှင် ဘ၀တွင်သာယာချောမွေ့ပြီး ပျော်ရွှင်မှုကို ရရှိနိုင်ပေလိမ့်မည်။
ယနေ့ကာလတွင် စည်းစိမ်ဥစ္စာ ချမ်းသာကြွယ်ဝမှု၊ ရာထူးအာဏာရှိမှု စသည့် အကျိုးခံစားမှုများနဲ့ပတ်သက်ပြီး ယင်းတို့၏ နောက်ခံအကြောင်းတရားများအပေါ် အကောင်းနှင့် အဆိုး၊ အမှားနှင့်အမှန် စသည်တို့ကို တစ်နေ့တစ်ခြား ဝေဖန်ပိုင်းခြားလာနေကြသည်။ ဥပမာအားဖြင့် ရာထူးအာဏာရရှိမှု၊ စီးပွါးဥစ္စာဖြစ်ထွန်းမှုစသည့် အကျိုးတရားတိုင်းသည် ကောင်းမှုကုသိုလ်၏ အကျိုးရလာဒ်ဖြစ်ခဲ့ပါက ယင်းတို့၏ အကြောင်းနောက်ခံများ ဖြစ်နိုင်ဖွယ်ရှိသည့် နည်းမျိုးစုံနှင့် လုယက်ယူငင်ခြင်း၊ လိမ်ညာကောက်ကျစ်ခြင်း စသည့် မသမာသည့်နည်းလမ်းများသည် ကုသိုလ်ပင်ဖြစ်ရမည်ဟု တွေးဆလာကြခြင်းဖြစ်သည်။ ယင်းအတွေးအခေါ်အယူအဆသည် အကြောင်းနှင့် အကျိုးဟူသည့် အယူအဆလမ်းကြောင်းနှစ်သွယ်တွင် ပန်းတိုင်ဟူသည့် အကျိုးတစ်ခုတည်းကိုသာ ရှေ့ရှုဦးတည်ထားသည့် မိမိအတွက်အကျိုးရှိက ဘနဖူး သိုက်တူးမည့် ၀ါဒမျိုးဖြစ်သည်။ အဆိုပါလမ်းစဉ်သည် မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက ဘုရားရှင်နှင့် ၀ါဒရေးရာကွဲပြားကြသည့် တိတ္ထိဆရာကြီး ခြောက်ယောက်အနက် ပုရာဏကဿပ တိတ္ထိဆရာကြီး၏ လမ်းစဉ်ပင်ဖြစ်သည်။ ၄င်း၏လမ်းစဉ်အရ မိမိရည်ရွယ်ထားသော အကျိုးပန်းတိုင်သို့ ရောက်ရှိ၊ ရရှိလျှင် ယင်း၏အကြောင်းလမ်းစဉ်သည် အမှန်ဟူ၍ ဆုံးဖြတ်ယူဆသူဖြစ်သည်။ ထိုဆရာကြီး၏ အယူအဆလမ်းစဉ်အရ ဖခင်ကိုသတ်၍ ဘုရင်ဖြစ်လာခဲ့သည်ဖြစ်စေ၊ ရွေးကောက်တင်မြှောက်သည့် လမ်းစဉ်အရ ဘုရင်ဖြစ်လာခဲ့သည်ဖြစ်စေ ဘုရင်ဖြစ်လာရေးသည် အဓိကပန်းတိုင်ဖြစ်သည်။ ဘုရင်ဖြစ်ခြင်း ဟူသည့် အကျိုးပန်းတိုင်သို့ ရောက်လျှင် ယင်းပန်းတိုင်သို့ ရောက်ကြောင်းဖြစ်သော အဖသတ်မှု၊ လိမ်ညာကောက်ကျစ်မှု စသည်တို့သည်လည်း အမှန်ဟုပင်ယူဆသည်။ ၄င်းပုရာဏကဿပ တိတ္ထိဆရာကြီး၏ အယူဝါဒအရ အကျိုးကောင်းခြင်းသည် အကြောင်းကောင်း၍သာဖြစ်သည်ဟု ပြောဆိုလေ့ရှိသည်။ ထို့ကြောင့် အဖကိုသတ်ပြီး မင်းဖြစ်လာသည့် အဇာတသတ်ကိုပင် အဖကိုသတ်ခြင်းသည် မှန်ကန်သည့် အကြောင်းတရားဖြစ်၍ နောင်တရဖွယ်မရှိကြောင်း ဖြောင်းဖျခဲ့ဖူးသည်။ ဤနေရာတွင် ပုရာဏကဿပ တိတ္ထိဆရာကြီး ကဲ့သို့သော အကြံပေးပုဂ္ဂိုလ်များ မြန်မာနိုင်ငံတွင် ရှိ /မရှိ ဆိုသည့်ကိစ္စမှာ စဉ်စားဖွယ်ရာပင် ဖြစ်နေတော့သည်။
အကျိုးရလာဒ် တစ်ခုတည်းကိုသာ ပဓာနထားသူများသည် “ဘယ်သူသေသေ ငတေမာပြီးရော” ဟူသည့် တစ်နပ်စားဉာဏ် သဘောတရားကို လက်ကိုင်ထားသူများဖြစ်သည်။ ၄င်းတစ်နပ်စားဉာဏ်ရှိသူတို့အဖို့ လိမ်ညာကောက်ကျစ် လုယက်ယူငင်၍လည်း စီးပွါးရှာကြသကဲ့သို့ လိမ်ညာ ဟန်ဆောင်၍လည်း လောက၏ပူဇော်သက္ကာရကို ရယူတတ်ကြသည်။ မိမိ၏ အထက်လူကြီး စသည်တို့ကို ဖြားယောင်း၍လည်း ရာထူးအာဏာကို ရယူတတ်ကြသည်။ ထိုသူတို့အဖို့ လုပ်ပိုင်ခွင့်နှင့် ရာထူးအာဏာ လက်ဝယ်ရောက်ရှိပြီးပါက တာဝန်နှင့် ရပိုင်ခွင့်တွင် တာဝန်ဆိုသည်ကို လျစ်လျူရှုတတ်ပြီး ရပိုင်ခွင့်ကိုသာ လက်မလွှတ်စတမ်း အမိအရဆုပ်ကိုင်လေ့ ရှိတတ်ကြသည်။ ယင်းလုပ်နည်းလုပ်ဟန်များသည် ယနေ့ခေတ်တွင် ထင်ရှားစွာတွေ့မြင်နေကြရပြီး လက်တွေ့တွင်လည်း တကယ်ပင် ကြီးပွါးချမ်းသာနေကြသည်မှာ ငြင်းပယ်၍မရအောင်ပင် မှန်နေသည်။ သို့အတွက်ကြောင့် ၄င်းတို့၏ အယူဝါဒ လမ်းစဉ်တို့ကို အမှန်အဖြစ် လက်ခံလိုက်နာ ယုံကြည်ကြရတော့မည်လော။
ကိစ္စတစ်ခုကို တွေးခေါ်ဆုံးဖြတ်ကြရာတွင် မိမိမြင်နိုင်စွမ်းရှိရာ မျက်စိတစ်ဆုံးအတွင်းမှာသာ ကြည့်ပြီး ဆုံးဖြတ်၍မရနိုင်ပေ။ မိမိမြင်နိုင်စွမ်းမရှိသော၊ မိမိဉာဏ်မမှီနိုင်သော အရားများစွာလည်း ရှိနေပေသေးသည်။ အထက်တွင် ဖော်ပြခဲ့သည့် လမ်းစဉ်မျိုးဖြင့် အသက်မွေးဝမ်းကြောင်း ပြုမှုမျိုးကို ဗုဒ္ဓ၀ါဒအလိုအရ မိစ္ဆာဇီဝ မှားယွင်းသည့် အသက်မွေးဝမ်းကြောင်း ပြုမှုမျိုးအဖြစ် ခံယူထားပြီး ရှုတ်ချထားသည်။ ယင်းမိစ္ဆာအာဇီဝလမ်းစဉ်ဖြင့် ကြီးပွါးလာမှုကြောင့် အနာဂတ်ခရီးတွင် အနည်းဆုံး တွေ့ကြုံလာရနိုင်ဖွယ်ရှိသည့် အချက်သုံးချက်ကိုဖော်ပြလိုသည်။ မသမာသည့် နည်းလမ်းများဖြင့် ရရှိလာခဲ့သည့် စည်းစိမ်ဥစ္စာ ချမ်းသာသုခနှင့် ရာထူးဂုဏ်သိန်တို့သည် ကာလအားဖြင့် အရှည်ကြာဆုံး တစ်ဘ၀မျှသာ ဖြစ်နိုင်သကဲ့သို့ ၄င်းတို့ကျက်စားရန် နယ်မြေဒေသမှာလည်း ကျဉ်းမြောင်းလှပေသည်။ မသူတော်များလွှမ်းမိုးရာ ဒေသ တနည်းအားဖြင့်ဆိုရသော် ၀ိပတ္တိတရား ထွန်းကားရာဒေသမျိုးတွင်သာ ကျက်စားနိုင်ပေသည်။ ယင်းကိုပင် ခေတ်ပျက်သူဋ္ဌေးများအဖြစ် ခေါ်ဝေါ်သုံးနေကြခြင်း ဖြစ်ဟန်တူသည်။ ပုဂ္ဂိုလ်အားဖြင့်လည်း ဓာတ်တူချင်းမှ ရောသည် ဆိုသည့်အတိုင်း အကြံတူ ဉာဏ်တူ ကလိမ်ကျသူအချင်းချင်း၊ တကိုယ်ကောင်းကျင့်သူများ အချင်းချင်းမှာသာ မျက်နှာပွင့်နိုင်ကြသည်။ မြတ်ဗုဒ္ဓစာပေများတွင် ဖော်ပြပါ မိစ္ဆာဇီဝ ကျင့်စဉ်မျိုးကို အသက်မွေးမှု လွယ်ကူကြောင်း လမ်းစဉ်အဖြစ် ဖော်ပြထားပြီး ကဲ့ရဲ့ရှုတ်ချထားသည်။
ဗုဒ္ဓဘာသာဆိုသည်မှာ မြတ်စွာဘုရားရှင် ကျင့်သုံးတော်မူခဲ့သည့် လမ်းစဉ်၊ ဟောကြားတော်မူခဲ့သည့် စကားတော်၊ ချမှတ်တော်မူခဲ့သည့် မူဝါဒများကို ဆိုလိုသည်။ ယင်းကျင့်စဉ် စကားတော်များနှင့် မူဝါဒများကို လိုက်နာကျင့်သုံးသူကိုသာလျှင် ဗုဒ္ဓဘာသာဝင်ဟူ၍ ခေါ်ဆိုနိုင်သည်။ ယင်းသို့မဟုတ်ပါက အမည်ခံ ဗုဒ္ဓဘာသာဝင် တစ်ယောက်သာဖြစ်ပေလိမ့်မည်။ ဘာသာ အယူဝါဒတစ်ခုကို ကြိုက်/ မကြိုက် ဆိုသည်ထက် လက်တွေ့ကျင့်သုံးမှုသည်သာ ပို၍အပြုသဘောဆောင်လေသည်။ ပုဂ္ဂိုလ်ခင်မှ တရားမင် ဆိုသည့်စကားအတိုင်း ပုဂ္ဂိုလ်ရေးသို့လိုက်၍ လိုက်နာကျင့်သုံးမှုရှိသကဲ့သို့ အခြားတစ်ဖက်တွင် ဆန့်ကျင်သယောင်ဖြင့် ပုဂ္ဂိုလ်ရေးအရ ဝေဖန်တိုက်ခိုက်နေလင့်ကစား လိုက်နာကျင့်သုံးမှုပိုင်းဆိုင်ရာတွင် ကျင့်ဝတ်သိက္ခာ စာမျက်နှာအရ ထပ်တူကျနေသည်တို့ကိုလည်း တွေ့ရတတ်ပေသည်။ နိဂုံးချုပ်အားဖြင့် ကာလ၊ ဒေသ၊ ပုဂ္ဂလ ဟူသည့် နယ်ပယ်သုံးခုတွင် မိမိဘ၀ လိပ်ပြာသန့်စွာဖြင့် ရှင်သန်နိုင်ရေးအတွက် ပုရာဏကဿပ တိတ္ထိဆရာကြီးကဲ့သို့သော ပုဂ္ဂိုလ်တို့၏ တစ်နပ်စားလမ်းစဉ်မှ ရှောင်ရှားနိုင်ကြစေရန် တင်ပြလိုက်ရပါသည်။
အရှင်ဥက္ကဋ္ဌ
0 comments:
Post a Comment