လွန်ခဲ့တဲ့ နှစ် ၂ သောင်း အချိန်ကစပြီးလူ့ ဦးနှောက်ဟာ အရွယ်အစား ကျုံ့ဝင်လာတယ်လို့ဆိုပါတယ်။ ရလဒ် ကတော့ လူသားတွေဟာ တရက်ထက်တရက် ပိုလို့ တုံးလာကြတာဖြစ်နိုင်တယ်တဲ့။
“လွန်ခဲ့တဲ့ နှစ် ၂ သောင်းကာလမှာ လူသားယောက်ျားရဲ့ ဦးနှောက်ဟာ ၁၅၀၀ ကျူးဗစ်စင်တီမီတာ အရွယ်အစား ကနေ ကျုံ့ဝင်လာရာမှာ ၁၃၅၀ ကျူးဗစ်စင်တီမီတာသာ ရှိတော့တာမို့ တင်းနစ်ဘောလုံး အရွယ် ပမာဏ လောက် ဆုံးရှုံးလိုက်ရပြီ ဖြစ်ပါတယ်။” ဒစ်စကာဗာရီ မဂ္ဂဇင်းမှာ ကက်သလင်းမက်အောလစ်ဖ် က တင်ပြခဲ့ပါတယ်။
“အမျိုးသမီးတွေရဲ့ ဦးနှောက်ဟာလည်း အဲဒီပမာဏလောက် ကျုံ့ဝင်လာနေတယ်။” သူမက ထပ်ပြောခဲ့ပါတယ်။
အဲဒီလို သေးငယ်လာတာဟာ ပိုလို့တောင်မှ ဉာဏ်ရည်ထက်မြက်လာတာကြောင့်သာ ဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားပါတယ်။
ဦးနှောက်အရွယ်အစား သေးငယ်လာတာနဲ့ပတ်သက်လို့ သီအိုရီတွေကတော့ အများကြီးပါ။ ခေါင်းကြီးတာဟာ ကျောက်ခေတ်ဦး အစောပိုင်းကာလဖြစ်တဲ့ လွန်ခဲ့တဲ့ နှစ် ၂ သန်းတုန်းက ရှင်သန်နေထိုင်ဖို့လိုအပ်ချက်ကြောင့်လို့ သီအိုရီတစ်ခုက ဆိုပါတယ်။ အင်မတန်အေးတဲ့ ကျောက်ဂူအပြင်မှာ လှုပ်ရှားရှင်သန်ခဲ့ကြရတာပါ။ နောက်သီအိုရီတစ်ခုကတော့ ယုန်၊ သမင်၊ မြေခွေးနဲ့ မြင်းတွေကို အစိမ်းလိုက် ၀ါးစားရာကနေ လိုအပ်ချက်အရ လူ့ဦးနှောက်ဟာ ကြီးမားလာတာလို့ ပြောပါတယ်။
အချို့ပညာရှင်များကတော့ မွေးကင်းစကလေးသေဆုံးမှုနှုန်း ကျဆင်းလျော့နည်းလာတောဟာ ဦးနှောက်အရွယ်အစားကို အချိုးညီ သေးငယ်စေခဲ့တယ်လို့ ယုံကြည်ထားကြပါတယ်။
မစ်ဆိုရီတက္ကသိုလ်က သိမှုသိပ္ပံပညာရှင်တွေဖြစ်ကြတဲ့ ဒေးဗစ်ဂီရီနဲ့ ဒရူးဘေလေတို့ဟာ နှစ် ၁ ဒသမ ၉ သန်းကနေ နှစ် ၁ သောင်း ကာလတွင်းမှာ ပိုမို ရှုပ်ထွေးလာတဲ့ လူမှုဆက်ဆံရေး ပတ်ဝန်းကျင်ကြောင့် ဦးခေါင်းခွံရိုးဟာလည်း လိုက်လျောညီထွေ လိုက်ပါပြောင်းလဲခဲ့တာလို့ လေ့လာတင်ပြခဲ့ပါတယ်။
ရှေးဘိုးဘွားဘီဘင်၊ ကမ္ဘာဦးလူသားများကို ကျနော်တို့ထက်ပိုလို့ အသိဉာဏ်ရှိတယ်ဆိုပြီး ၀ါးလုံးရှည်နဲ့ သိမ်းကျုံး မရမ်းဖို့ကိုတော့ ဂီရီက သတိပေးခဲပါတယ်။
“လက်တွေ့ကျကျပြောရမယ်ဆိုရင်တော့ ကျနော်တို့ရဲ့ ကမ္ဘာဦးက ဘိုးဘွားများဟာ ကျနော်တို့ရဲ့ တီထွင်ဖန်တီးမှုနဲ့ အသိပညာစွမ်းရည်ကို နှိုင်းယှဉ်လို့ မရပါဘူး။ သူတို့ခေတ်တုန်းက ကျနော်တို့မှာ ရှိတဲ့ တူညီတဲ့ယဉ်ကျေးမှု နောက်ခံ အကူမှ မရှိခဲ့တာ။”
“စိုက်တက် ပျိုးတက်လာတာရယ်၊ စီးပွားရေး ဗဟိုပြု မြို့ကြီးတွေ တည်ဆောက်တတ် လာတာရယ်ကြောင့် ထူးချွန်ထက်မြက်တဲ့လူတွေအနေနဲ့ သိပ္ပံပညာရပ်တွေ၊ အနုပညာရပ်တွေနဲ့ အခြားသော နယ်ပယ်တွေမှာ ပိုလို့ ကြိုးစားအားထုတ်လာခွင့် ရရှိခဲ့တယ်။ ဟိုး ရှေးရှေးတုန်းက လူသားမှာတော့ အဲဒီလို အထောက်အပံ့မျိုးက မရှိခဲ့ဘူး။ ဘ၀မှာ ရှင်သန်ရုံ ကလေးနေဖို့ကို သက်စွန့်ဆံဖျား ကြိုးစားခဲ့ကြရတယ်။” ဂီရီက ပြောခဲ့တာပါ။
အခြားတဖက်မှာတော့ ဟော့က လူသားရဲ့ ဦးနှောက် သေးငယ်ကျုံ့ဝင်လာတာဟာ ဉာဏ်ရည် ပိုထက်လာကြလို့သာဖြစ်တယ်။ ကျနော်တို့ စားသောက်သမျှရဲ့ ၂၀ ရာခိုင်နှုန်းလောက်အထိကို ဦးနှောက်က အသုံးပြုတယ်လို့ သူက ဆိုပါတယ်။
မောက္ခ သိပ္ပံပညာသတင်း
0 comments:
Post a Comment