Warmly welcome to သစ္စာနွယ်ဘလော့ခ်

Friday, January 21, 2011

အရှက် အကြောက် တရားနှစ်ပါး ကင်းမဲ့ခဲ့သော်--- အပိုင်း ( ၁ )

Posted by Thit Car Nwe 10:02 AM, under | No comments

ကျေးဇူးတော်ရှင် တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသက ဟိရိ သြတပ္ပတရားနှစ်ပါးနှင့် ပတ်သက်၍ “ဒုစရိကို ဟိရီရှက်စွ၊ လန့်သြတ္တနှင့်” ဟု ဖွင့်ဆိုတော်မူခဲ့သည်။ ဆိုလိုသည့် အဓိပ္ပါယ်မှာ မကောင်းမှု ဒုစရိုက်များကို ပြုလုပ်ရမည်မှ ရှက်ခြင်းသဘောသည် ဟိရီ ဖြစ်ပြီး ယင်းမကောင်းမှု ဒုစရိုက်များကို ပြုရမည်မှ ကြောက်လန့်ခြင်း သဘောသည် သြတပ္ပ ဟု ဆိုလိုခြင်းသဘောဖြစ်သည်။ တနည်းအားဖြင့် ဆိုရသော် ဟိရီ၏သဘောသည် မကောင်းမှု ဒုစရိုက်များကို ပြုလုပ်ရမည်မှ ရှက်ခြင်းသဘောရှိသောကြောင့် မိမိ၏ဂုဏ်သိက္ခာကို မိမိကိုယ်တိုင် စောင့်ရှောက်ခြင်းသဘောရှိသည်ဟု ဆိုသည်။ ထို့ကြောင့် မိမိကိုယ်တိုင် မိမိတွင်ရှိသည့် ဂုဏ်သိက္ခာကို လေးစားသူများတွင် ဟိရီတရား ကိန်းအောင်းနေသည်ဟု ဆိုနိုင်ပေသည်။

သြတပ္ပ၏သဘောကတော့ မိမိက မကောင်းမှုဒုစရိုက်များကို ပြုလုပ်လိုက်သည့်အတွက် ကိုယ်၏မိဘဆွေမျိုး အသိုင်းအ၀ိုင်းတို့၏ ဂုဏ်သိက္ခာကို ထိခိုက်မည်မှ ကြောက်လန့်ခြင်း သဘောရှိသည်။ ထိုကြောင့် တစ်ပါးသူတို့၏ဂုဏ်သိက္ခာကို ငဲ့ညှာတတ်သူများတွင် သြတပ္ပတရား ကိန်းအောင်းသည်ဟု ဆိုရပေမည်။ ယင်း တရား ၂-ပါးကိုပင် လူတို့အကြား မိဘနှင့်သားသမီး မောင်နှင့်နှမ ခွဲခြားသိမြင်နိုင်အောင် စောင့်ရှောက်တတ်သည့်အတွက် လောကပါလ- ကမ္ဘာစောင့် တရားကြီး နှစ်ပါးဟု ခေါ်ဆို၍၇သေးသည်။ ထိုတရားနှစ်ပါးသာ လူလောကတွင် ဆိတ်သုဉ်းသွားခဲ့ပါက လူနဲ့ တိရစ္ဆာန် ခွဲခြား၍ ရနိုင်တော့မည်မဟုတ်ပေ။
ဤနေရာတွင် လူသည် အသိဉာဏ်ရှိသည့် လူသားတစ်ယောက် ဖြစ်သည့်အားလျော်စွာ ဘယ်အရာသည် ဒုစရိုက် ဘယ်အရာသည် သုစရိုက်စသည်ဖြင့် အကောင်းအဆိုး အကြောင်းအကျိုးကိုတော့ ခွဲခြမ်းသိမြင်ဖို့လိုအပ်ပေသည်။ အကယ်၍ အကြောင်းအရာတစ်ခုက နက်နဲပြီ ခက်ခဲနေပါကလည်း တတ်သိနားလည်သူများထံမှ လေ့လာမှု သင်ယူမှုများမှာ အထူးလိုအပ်လှပေသည်။ ယင်းကဲ့သို့ မဟုတ်ပါပဲ ပုဂ္ဂိုလ်ခင်၍ တရားမင်သည် ဆိုသည့်အတိုင်း မိမိနဲ့ ရင်းနှီးမှု ကြည်ညိုမှု စသည်ကို လိုက်ပြီး ထိုသူ၏စကားမှ အမှန်ဟု ယူဆလျှင် လမ်းမှားကိုပင် လမ်းမှန်ဟု တလွဲဖောက်ပြန်သွားတတ်သည်။ အမှန်မှ အမှားသို့ မှားမှားယွင်းယွင်း ဖောက်ဖောက်ပြန်ပြန် လွဲမှားစွာ ယူလေ့ရှိသည်ကိုပင် မိစ္ဆာဒိဋ္ဌိဟု ခေါ်ဆို၇သည်မဟုတ်ပါလော။
ယခုတစ်လောအတွင်း မြန်မာနိုင်ငံတွင် အငြင်းပွါးဖွယ်ရာတစ်ခုမှာ အရှင်ဣဒ္ဓိပါလ ဦးစီး ကျင်းပသည်ဆိုသည့် စိတ်ဓာတ်မြှင့်တင်ရေး သင်တန်း ပင်ဖြစ်သည်။ ယင်းသင်တန်း၏ လှုပ်ရှားမှု အချို့ပြကွက်များမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာ နှင့် ထေရ၀ါဒသံဃာတော်တစ်ပါး၏ သိက္ခာနှင့် မသင့်လျော် မညီညွတ်သည်တို့ကို လူအများစု တွေ့မြင်ကြရပြီးဖြစ်သည်။ ယင်းနဲ့ပတ်သက်ပြီး အပြန်အလှန်ငြင်းခုံမှုများကိုလည်း ကြားနေဆဲဖြစ်လေသည်။ ၄င်းငြင်းခုံမှုအကြောင်းအရာများကိုတော့ စာရေးသူအနေဖြင့် ပြန်လည်ပြီး မတင်ပြလိုတော့ပေ။ သို့သော်လည်း အဆိုပါသင်တန်း၏ လုပ်ဆောင်မှု အချို့နဲ့ပတ်သက်ပြီး မိမိလေ့လာမိသမျှ တင်ပြလိုသည်။ စိတ်ဓာတ်မြှင့်တင်ရေး ဟုအမည်ပေးထားသည့် သင်တန်းတွင် စည်းကမ်းချက် ၅ ချက် နှင့် သင်ရိုးညွှန်းတမ်းပေါင်း အချက် ၂၀ ကိုတွေ့ရသည်။ ဒီနေရာတွင် စာရေးသူပေးခဲ့သည့် ခေါင်းစီးနဲ့ ကိုက်ညီမှု ရှိစေရန်အတွက် သင်တန်း၏ အခြားစည်းကမ်းချက် သင်ရိုးညွှန်းတမ်း များစွာကို မဆွေးနွေးလိုပေ။ စည်းကမ်းချက် ငါးချက်တွင်ပါဝင်သည့် ၄ -နံပါတ်ပါ “ရှက်ခြင်း ကြောက်ခြင်း လုံးဝမရှိစေရ” ဆိုသည့် အချက်ကိုသာ ဆွေးနွေးတင်ပြလိုသည်။
ရှစ်ပါးသီလထဲတွင် တစ်ခုအပါအ၀င်ဖြစ်သည့် “နစ္စ ဂီတ ၀ါဒိတ ၀ိသူကဒဿနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ” ဆိုသည့် သိက္ခာပုဒ်မှာ ရဟန်းသံဃာတော်များနဲ့ သီလရင်များသာမက ဥပုသ်သီတင်းသီလ ဆောက်တည်ကြသည့် လူပုဂ္ဂိုလ်များပါ ကျင့်သုံးလိုက်နာရမည်မှာ လူတိုင်းအသိပင်ဖြစ်သည်။ ၄င်းသိက္ခာပုဒ်၏ ဖွင့်ဆိုချက်များအရ ကခုန်ခြင်း သီချင်း သီဆိုခြင်း တီးမှုတ်ခြင်းများသည် ကိလေသာကို ဖြစ်ပွါးစေတာကြောင့် ဘုရားသာသနာတော်၏ ငြောင့်သဖွယ်ဖြစ်ကြောင်း ဟောတော်မူခဲ့သည်။ ယင်းစကားတော်သည် ဘု၇ားဟောတစ်ခုပင်ဖြစ်သည်။ ဘုရားဟောကို လျစ်လျူရှုပြီး ဘယ်သူတွေကတိုင် ခွင့်ပြုထားတာပဲ၊ ဘယ်သူတွေကော ကင်းကြရဲ့လား စသည်ဖြင့် ကျိုးကြောင်းဆီလျော်မှုမရှိ အခြေအမြစ်မရှိသည့် ဆင်ခြေတွေနဲ့ ကိုယ်လိုဆွဲ ပြောဆို တုံ့ပြန်ခြင်းမှာ ကိုယ့်ပေါင်ကို လှန်ထောင်း ဆိုသလို တုန့်ပြန်သူရဲ့ အရည်အချင်းကို ကိုယ်တိုင် ဖော်ပြသကဲ့သို့ဖြစ်စေသည်။ ဖြစ်သင့် မသင့် မိမိအလုပ်သည် ကျိုးကြောင်း ဆီလျော်မှု ရှိ မရှိစသည်တို့ကို ထောက်ပြပြီ ရှင်းပြခြင်းကသာလျှင် အများအတွက် အကျိုးရှိစေရုံသာမက မိမိ၏ လုပ်ဆောင်မှု ရပ်တည်မှုများကိုလည်း ဂုဏ်သိက္ခာတက်စေသည်။
လုပ်ဆောင်နိုင်မှု အင်အားကို အမှန်အဖြစ်အသုံးချခြင်းသည် အမှန်တရားနဲ့ အမှန်တရားမြတ်နိုးသူများကို စော်ကားသကဲ့သို့ ဖြစ်စေသည့်တစ်ချိန်တည်းမှာပင် အမှန်တရားလောကကြီးကလည်း အမှားကို အမှန်ထင်ပြီး လုပ်ဆောင်နေသည့် မိမိ၏လုပ်၇ပ်များကို ပြက်ရယ်ပြုနေမည်သာဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် အမှန်တရားသည် အင်အားဖြစ်ရမည့်အစား အင်အားသည် အမှန်တရားအဖြစ် အသုံးချလာနေမှုများကို လူလောက လူဘောင်အသိုင်းအ၀ိုင်းတွင်သာက ဘာသာရေးနယ်ပယ် အတွင်းထဲသို့ပါ တစ်နေ့တစ်ခြား ထိုးဖောက်ဝင်ရောက်လာနေသည်ကို ၀မ်းနည်းဖွယ်ရာ တွေ့မြင်နေကြရသည်။ တကယ်တန်းတွင် ယင်းကဲ့သို့ အင်အားကိုအသုံးပြုပြီး အမှားကို အမှန်အဖြစ် အသုံးချမှုများသည် ဗုဒ္ဓဘာသာသမိုင်းတွင် အသစ်အဆန်းတစ်ခုတော့ မဟုတ်ပေ။ ယင်းကဲ့သို့ အင်အားကို မှားယွင်းစွာအသုံးပြုမှုသည် ဘာသာ သာသနာ အဆောက်အအုံတစ်ခုလုံး၏ ပျက်သုဉ်းခြင်း လမ်းစပင်ဖြစ်သည်။ ယင်းနဲ့စပ်လျင်း၍ ဒုတိယသင်္ဂါယနာမတိုင်မှီ မြတ်စွာဘုရား ပွင့်ထွန်းတော်မှုခဲ့ရာ အိန္ဒိယပြည်ကြီးမှ ဗုဒ္ဓဘာသာ၏ အခြေနေနဲ့ ယင်းဒေသမှ ဗုဒ္ဓဘာသာ ဆိတ်သုဉ်းသွားခဲ့ရခြင်းအကြောင်းများကို ဒုတိယပိုင်းတွင် တင်ပြသွားမည်။

(သခင်နွယ်)

0 comments:

Post a Comment

Tags

Labels

Blog Archive

Sponsors

Blog Archive

Recent Posts


ShoutMix chat widget