Warmly welcome to သစ္စာနွယ်ဘလော့ခ်

Saturday, January 29, 2011

အရှက် အကြောက် တရားနှစ်ပါး ကင်းမဲ့ခဲ့သော်--- အပိုင်း ( ၂ )

Posted by Thit Car Nwe 10:27 AM, under , | 1 comment

တစ်ချိန်က ဂန္ဓာရတိုင်းခေါ် ယနေ့ ပါကစ္စတန်၊ အာဖဂန်နစ်စတန်၊ တာကစ္စတန် ၊ ယောနကတိုင်းခေါ် တူရကီ နှင့် ဂရိနိုင်ငံများအထိ ဗုဒ္ဓသာသနာတော်ကြီး၏ ရောင်ဝါသည် ထွန်းလင်းတောက်ပခဲ့သော်လည်း ယနေ့အချိန်အခါတွင် အဆိုပါဒေသများ၌ ပျောက်ကွယ်သွားခဲ့လေပြီ။ မြတ်ဗုဒ္ဓသာသနာ၏ ပေါ်ထွန်းရာမြေအဖြစ် အသိမှတ်ပြုထားကြသည့် ယနေ့ အိန္ဒိပြည်ကြီး၌ပင် ဗုဒ္ဓဘာသာ၏အခန်းကဏ္ဍ ပျောက်ကွယ်သွားခဲ့သည်မှာ နှစ်ပေါင်း ရာချီ၍ပင်ရှိခဲ့လေပြီ ။ ယင်းကဲ့သို့ ဗုဒ္ဓသာသနာတော်ကြီး ကွယ်ပသွားခဲ့ရခြင်းတွင် အခြားဘာသာဝင်တို့၏ ကြီးစိုးလွမ်းမိုးလာမှုတို့နှင့် ခေတ်အလိုက် အုပ်ချုပ်သူ အစိုးရမင်းတို့၏ သာသနာပြုပုဂ္ဂိုလ်များအပေါ်တွင် ဖိနှိပ်မှုများကြောင့်ဟု ဆိုနိုင်သော်လည်း သာသနာပြု ရဟန်းသံဃာတော်များ၏ လုပ်ဆောင်ချက် အားနည်းမှုများမှာလည်း အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်ကို မေ့ထား၍ မရနိုင်ပေ။

သာသနာသက်တမ်း နှစ်ငါးထောင်အနက် ယခုအခါတွင် သက်တမ်း ထက်ဝက်ကျော်လာခဲ့ပြီဖြစ်သော်လည်း ဗုဒ္ဓဘာသာပေါ်ထွန်းခဲ့ရာ အိန္ဒိယမြေပေါ်တွင် သာသနာနှစ် ငါးရာကျော်ခန့်မှစ၍ သီလ သမာဓိနှင့် ပြည်စုံကြသည့် ရဟန်းကောင်းများ ရှားပါးလာပြီး ဒုဿီလ ရဟန်းဆိုးတို့၏ လွှမ်းမိုးမှုများဖြစ်လာခဲ့သည်။ သီလ သမာဓိနှင့် ပြည်စုံတော်မူကြသည့် ရဟန်းကောင်းတို့၏ အရေတွက်မှာ နည်းပါးသလောက် ၄င်းတို့၏ မိမိတရားကိုသာ မိမိတို့ဘာသာ ကျင့်သုံးနေကြပြီး ပတ်ဝန်းကျင်ကို လျစ်လျူရှုမှုတို့ကြောင့် သာမန်လူအသိုင်းအ၀ိုင်းကို မစည်းရုံးနိုင်သလို တရားတော် အစစ်အမှန်များ ထိုသာမန်လူအသိုင်းအ၀ိုင်းအတွင်း ထိုးဖောက်ဝင်ရောက်အောင် လုပ်ဆောင်နိုင်မှု အင်အားမှာလည်း နည်းပါးလာသည်။
ကိုယ်ပိုင်ယဉ်ကျေးမှုတစ်ခုက လူအသိုင်းအ၀ိုင်းအတွင်း ထိုးဖောက်နိုင်အောင် မစွမ်းဆောင်နိုင်ခဲ့သော်လည်းကောင်း အခြားဘာသာယဉ်ကျေးမှု၏ လွှမ်းမိုးမှုကို ခံထားရသော်လည်းကောင်း ဘာသာ လူမျိုးတစ်ခု၏ ရေရှည်ရပ်တည်နိုင်ရေးမှာ မဖြစ်နိုင်ပေ။ ဗုဒ္ဓဘာသာသည် အိန္ဒိယပြည်ကြီးတွင် ပေါ်ထွန်းခဲ့သည် မှန်သော်လည်း ဗုဒ္ဓဘာသာ၏ လူမှုဆက်ဆံရေး ယဉ်ကျေးမှုများမှာ ဟိန္ဒူဘာသာ၏လွှမ်းမိုးမှုကို မကျော်လွှားနိုင်ခဲ့ပေ။ ယင်းကဲ့သို့ ဗုဒ္ဓဘာသာ၏ ယဉ်ကျေးမှုများကို ကိုယ်ပိုင်ယဉ်ကျေးမှုတစ်ခုအဖြစ် ရပ်တည်ပြီး မကျင့်သုံး မတည်ဆောက်နိုင်ခဲ့ခြင်းကြောင့် ဗုဒ္ဓဘာသာဝင်တို့၏ ယဉ်ကျေးမှုများသည် ဟိန္ဒူဘာသာဝင်တို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံတို့အကြား၌ လွယ်ကူစွာ ရောနှော ပြောက်ကွယ်သွားခဲ့ရလေသည်။
တစ်ချိန်တည်းမှာပင် ဒုဿီလ ရဟန်းဆိုးတို့၏ လူပြိန်းကြိုက် ဟောပြောစည်းရုံးမှု လူမှုဆက်ဆံရေးမှာ အောင်မြင်လာခဲ့သည်။ လူလောက လူအလွှာစုံ အတွင်းမှာလည်း လူအမျိုးမျိုး အဖုံဖုံရှိကြသလို ယင်းလောကမှ သာသနာတွင်းရောက်ရှိလာကြသည့် ရဟန်းသံဃာလောကမှာလည်း အမျိုးမျိုးအဖုံဖုံ ကွဲပြားခြားနားပြီး စရိုက်မျိုးစုံရှိကြမည်မှာ သံသယဖြစ်ဖွယ်ရာမရှိပေ။ အချို့ရဟန်းတော်များအနေဖြင့် မိမိတို့ရဲ့ ဘာသာ သာသနာ၏ ဂုဏ်သိက္ခာကို မငဲ့ကွက်ပဲ မိမိရဲ့အတ္တအကျိုး တစ်ခုတည်းကိုသာ ငဲ့ကွက်ပြီး ထင်ရာစိုင်း လုပ်ဆောင်မှုများမှာ ယခင်ကလည်း ရှိခဲ့သလို ယခုလည်း ရှိနေဆဲ နောင်လည်း အဆပေါင်းများစွာ တိုး၍ ရှိနေအုံးမည်သာဖြစ်သည်။
ခေတ်အဆက်အဆက်က ဖြစ်ပေါ်လာခဲ့သည့် အဓမ္မမှုခင်းများတွင် သံဃာ့ထေရ်ကြီးများ၏ တာဝန်သိစိတ်နှင့် တာဝန်ယူဖြေရှင်း လာခဲ့မှုများကြောင့် ထေရ၀ါဒဗုဒ္ဓသာသနာတော်ကြီးသည် ယနေ့ချိန်ထိ တည်ရှိနေခဲ့ခြင်းဖြစ်သည်။ တခါတရံမှာ ယုတ်မာစိတ်ကိန်းဝပ်နေသူတို့၏ ပင်ကိုယ်သဘောအရ တာဝန်သိစိတ်ရှိသူတို့၏ တာဝန်ယူလုပ်ဆောင်မှုများကို လက်မခံပဲ အင်အားကို အမှန်တရားအဖြစ် အသုံးပြုကာ တုန့်ပြန်လာတတ်ပေသည်။ ယင်းကဲ့သို့ တုန့်ပြန်လာမှုများကို ဖြေရှင်းနိုင်ရေးအတွက် ဓမ္မစက်ဖြင့်သာမက အာဏာစက်ကိုလည်း အသုံးပြုရန်လိုအပ်လာပေသည်။ အာဏာစက်ဆိုသည်မှာ သက်ဆိုင်ရာ ဒေသအာဏာပိုင် အစိုးရမင်းများ၏ အဂတိတရားကင်းကင်းဖြင့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းပေးခြင်းဖြစ်သည်။ ဓမ္မစက်မပါပဲ အာဏာစက်သက်သက်ဖြင့် လုပ်ဆောင်သည့် မည်သည့်လုပ်ဆောင်မှုမျိုးမှ တရားမျှတမှုကို ဖြစ်စေနိုင်မည်မဟုတ်ပေ။ တနည်းအားဖြင့် ဓမ္မစက်လွှမ်းမိုးမှု မရှိသည့် မည်သည့် အာဏာစက်မျိုးမဆို တရားမျှတမှုကို ဖော်ဆောင်နိုင်မည်မဟုတ်ပေ။
 
ဝိနည်းသိက္ခာပုဒ်များ ပညတ်တော်မူခဲ့ရခြင်း၏ သမိုင်းနောက်ကွယ်တွင် အဿဇိနှင့် ပုနဗ္ဗသုက ဆဗ္ဗဂ္ဂီရဟန်းဆိုးများ ကြိမ်ဖန်များစွာ ပါဝင်နေခဲ့ကြသည်ကို တွေ့ရှိရသည်။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကပင် ကီဋာဂိရိ ခေါ်သည့် ဇနပုဒ်တစ်ခုတွင် ထိုဆဗ္ဗဂ္ဂီရဟန်းဆိုးများသည် မြတ်စွာဘုရား ပညတ်တော်မူထားသည့် ကျင့်ဝတ်သိက္ခာများနဲ့ ဆန့်ကျင်ပြီး သာမန်လူများအကြိုက် လုပ်ဆောင်စည်းရုံးမှုများ လုပ်ဆောင်ခဲ့ကြသည်။ အမျိုးသမီးများနှင့် ၇င်းနှီးမှုရရန် ပန်းကုံး ပန်းခိုင်ပေးခြင်း ၊ နံ့သာလိမ်းပေးခြင်း ၊ အမျိုးသမီးများနှင့် အတူတွဲ၍ ကခုန် တီးမှုတ် သီဆိုခြင်း စသည်နည်းများဖြင့် အနုပညာကို နှစ်သက်ကြသည့် လူငယ်များကို စည်းရုံးသိမ်းသွင်းကြသည်။ တစ်ခါတရံ အငြိမ့်စင်ပေါ်တက်၍ နှစ်ထပ်သင်္ကန်းကြီးကို ဖြန့်ခင်းပြီးလျှင် အငြိမ့်သမကို “နှမ ဤနှစ်ထပ်သင်္ကန်းပေါ်၌ ကပါလော” ဟု တိုက်တွန်းပြီး က၍ပြီးသောအခါ ကောင်းလေစွဟု လက်ခုပ်သြဘာတီးပေး၍ ကောင်းချီးပေးကြသည်။
၎င်းဆဗ္ဗဂ္ဂီရဟန်းဆိုးတို့၏ စည်းရုံးရေးစွမ်းရည် ကောင်းမှုတို့ကြောင့် ယင်းဒေသရှိလူများသည် ထိုရဟန်းဆိုးတို့သာလျှင် ရဟန်းကောင်း ရဟန်းစစ်သတ်မှတ် ကြည်ညိုကြပြီး အခြားသောရဟန်းစစ် ရဟန်းကောင်းများတို့ကိုမူ မကြည်ညိုတတ်ကြတော့ချေ။ ထိုအချိန်တွင် အခြားဒေသမှ ရောက်ရှိလာပြီး သင်္ကန်းကို ကောင်းစွာဝတ်ရုံပြီးလျှင် မျက်လွှာကိုချ တည်ငြိမ်သောဣနြေ္ဒဖြင့် မြို့တွင်း ဆွမ်းခံကြွလာသည့် ရဟန်းတစ်ပါးကိုပင် “နုံနဲ့နဲ့ မလှုပ်တလှုပ်နဲ့ သွားနေပုံက အားမရှိသလို ၊ ဒီလိုရဟန်းမျိုးကို ဘယ်သူက ဆွမ်းလောင်းလှူကြမှာလဲ၊ ငါတို့ရဲ့အရှင်ကောင်းများကတော့ နှုတ်ချို ပြုံးရွှင်ကြတယ်၊ ဖော်ရွေမှုလည်းရှိကြတယ်” စသည်ဖြင့် ဒေသခံလူအများကပင် မှားယွင်းသည့် အမြင်လမ်ကြောင်းပေါ် ရောက်ခဲ့ကြလေသည်။ နောက်ပိုင်းတွင် မြတ်စွာဘုရား၏ အမိန့်တော်ဖြင့် အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလာန် ဦးဆောင်သည့် သံဃာတော်များရောက်ရှိလာကြပြီး ထိုအဿဇိ ပုနဗ္ဗသုက အမှုးရှိသည့် ရဟန်းဆိုးများကို ဓမ္မကံနှင့်အညီ နယ်နှင်ဒဏ်ပေးလိုက်ကြသည်။
မြန်မာနိုင်ငံတွင် ဘာသာ သာသနာတော်အတွင်း မတရားသည့် အဓိကရုဏ် အရေးအခင်းများ ပေါ်ပေါက်လာခဲ့ပါက လွယ်ကူစွာ ဖြေရှင်းပေးနိုင်ရေးအတွက် နိုင်ငံတော် သံဃာ့မဟာနာကအဖွဲ့ဆိုပြီး တရားဝင်အဖွဲ့အစည်းတရပ်ရှိသည်။ သို့သော်လည်း အဆိုပါအဖွဲ့အစည်းမှာ သံဃာတော်အများစု၏ သဘောဆန္ဒအ၇ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းမျိုးမဟုတ်ပဲ အာဏာရှင် အစိုးရ၏ ရွေးကောက်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခု ဖြစ်နေတာကြောင့် အာဏာရှင်တို့၏ လက်သုံးတော်ခံ တမန်တစ်ယောက်သာသာမျှသာ ဖြစ်နေသည်ကို ၀မ်းနည်းဖွယ်ရာ တွေ့မြင်နေကြရသည်။ အာဏာရှင်နှင့် အာဏာစက်ရဟတ်အတွင်း ၄င်းတို့အလိုကျအတိုင်း လိုက်ပါလည်ပတ်နေရသည့် အကန့်ဒေါက်ဆံမျှသာဖြစ်နေရပေမည်။
မကြာသေးခင်ကာလကမှ သတင်းစာမျက်နှာများပေါ်တွင် ပေါ်ထွက်လာခဲ့သည့် အရှင်ဣဒ္ဓိပါလ ဦးစီး ကျင်းပသည်ဆိုသည့် စိတ်ဓာတ်မြှင့်တင်ရေး သင်တန်းမှ လှုပ်ရှားမှု ဗွီဒီယို ပြကွက်များမှာ ထေရ၀ါဒ သံဃာတော်တစ်ပါးအနေဖြင့် ၀ိနည်းစည်းကမ်းနှင့် ကိုက်ညီမှုမရှိ ဆိုသည်မှာ ၀ိနည်းစည်းကမ်းများကို နားလည်တော်မူကြသည့် သံဃာတော်များသာမက ထေရ၀ါဒဗုဒ္ဓဘာသာကို တန်ဖိုးထား လေးစားကြည်ညိုကြသည့် လူပုဂ္ဂိုလ်များပါ ကန့်ကွက်ရှုပ်ချသံများ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း အဆိုပါသင်တန်းမှာ ရပ်တန့်သွားမှု မရှိပဲ ဆက်လက်လုပ်ဆောင်နေကြောင်း ကြားသိနေရသည်။ ထိုကဲ့သို့ အဆိုပါသင်တန်း ဆက်လက်လုပ်ဆောင်နေမှုများကို တားမြစ်ကန့်ကွက်ရေးမှာ ဘာသာ သာသနာအကျိုးအတွက် တာဝန်ယူထားကြသည့် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကြီးအပေါ်တွင် လုံးဝတာဝန်ရှိနေသည်။ ဓမ္မစက်ကြီး ပုံမှန် လည်ပတ်နေမှသာလျှင် မြန်မာနိုင်ငံတွင် ထေရ၀ါဒဗုဒ္ဓသာသနာတော်ကြီး ထွန်းပနေသည် ဆိုသည့်စကားမှာ အဓိပ္ပါယ်ပြည့်ဝပေလိမ့်မည်။
ဝိနည်းသိက္ခာပုဒ်များနဲ့လည်း ကိုက်ညီမှုမရှိသည့် ယင်းသင်တန်းကို ဆက်လက်ရှင်သန်ခွင့် ပေးထားသည်မှာ မြန်မာနိုင်ငံတွင် ဓမ္မစက်ပျက်နေပြီး အာဏာစက်တစ်ခုတည်း လည်ပတ်နေသည်မှာ ထင်ရှားနေသည်။ ယင်းသင်တန်း၏ လုပ်ဆောင်မှုများမှာ အထက်တွင်ဖော်ပြထားသည့် အဿဇိ ပုနဗ္ဗသုက ဦးဆောင်သည့် ရဟန်းဆိုးများ၏ လုပ်ရပ်များနှင့် တစ်ထပ်တည်းကြနေသည်။ ဗုဒ္ဓသာသနာအတွင်းမှ ရဟန်းတော်တစ်ပါးက ဘုရားရှင်၏ ပညတ်ချက်သိက္ခာပုဒ်များနှင့် ဆန့်ကျင်နေသည့် လုပ်ရပ်ကို ကိုယ်တိုင်က အရှက်အကြောက်ကင်းစွာ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်ပြီး လူအများကိုပါ အရှက် အကြောက် ကင်းမဲ့ရေး တိုက်တွန်းခြင်းသည် လောကပါလတရားနှစ်ပါးကိုပါ ဆန့်ကျင်ရာရောက်သဖြင့် ထေရ၀ါဒဗုဒ္ဓသာသနာကိုသာ ဖျက်ဆီးနေရုံမျှမက လောကကြီးတစ်ခုလုံးကိုပါ ပျက်စီးအောင် လုပ်ဆောင်နေခြင်းဖြစ်သည်။

(သခင်နွယ်)

1 comments:

''သာရိပုတြာ မောဂ္ဂလာန်တို့ သင်တို့သည် သွားကြကုန်လော့၊ ကီဋာဂိရိသို့ သွား၍ အဿဇိ ပုနဗ္ဗသုကရဟန်းတို့အား ကီဋာဂိရိမှ နှင်ထုတ်ခြင်းအမှု 'ပဗ္ဗာဇနီယကံ' ကို ပြုကြကုန်လော့၊ ထိုရဟန်းတို့သည်သင်တို့၏ အတူနေတပည့်များ ဖြစ်ကြကုန်၏''ဟု မိန့်တော်မူ၏။
မြတ်စွာဘုရား ထိုရဟန်းတို့သည် ကြမ်းတမ်းပါကုန်၏၊ ခက်ထန်ပါကုန်၏၊ အကျွန်ုပ်တို့သည်အဘယ်သို့လျှင် အဿဇိ ပုနဗ္ဗသုက ရဟန်းတို့အား ကီဋာဂိရိမှ နှင်ထုတ်ခြင်းအမှုကို ပြုရပါကုန်မည်နည်းဟု (လျှောက်ကြကုန်၏)။
သာရိပုတြာ မောဂ္ဂလာန်တို့ သို့ ဖြစ်လျှင် သင်တို့သည် များစွာသော ရဟန်းတို့နှင့်အတူသွားကြကုန်လော့ဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား ကောင်းပါပြီဟု သာရိပုတြာနှင့် မောဂ္ဂလာန်တို့သည် မြတ်စွာဘုရားအားပြန်ကြားလျှောက်ထားကြကုန်၏။ ...ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ကပင် ဆိုးသွမ်းသောရဟန်းတို့ရှိခဲ့ကြ၏ ရှင်သာရိပုတ္တရာနှင့်ရှင်မောဂ္ဂလာန်တို့သော်မှသွားရောက်အဆုံးအမပေးဖို့မလွယ်ကူချေ ။ ထိုအချေနေတရပ်ကိုကြည့်၍ ဓမ္မစက်သည်ပျက်ပြီဟုမဆိုသာ ကျွှန်ုပ်တို့ သာသနာ့ကျင့်ထုံးကလည်း ဆုံးမမရသောရဟန်းကို နှင်ထုတ်ပစ်လိုက်ခြင်းသည်ပင် အဆုံးစွန်အပြစ်ဒဏ်ခတ်ခြင်းပင်တည်း ။ပိတ်ပင်ခြင်း တားမြစ်ခြင်း ထောင်ချခြင်းစသည်ဖြင့် အပြင်းအထန်လုပ်မှုဟူသမျှသည် အာဏာပိုင်တို့၏ အာဏာစက်မျှသာတည်း။ ဤအခြေနေ၌ (ယင်းသင်တန်းကိုဆက်လက်ရှင်သန်ခွင့် ပေးထားသည်မှာ မြန်မာနိုင်ငံတွင် ဓမ္မစက်ပျက်နေပြီး အာဏာစက်တစ်ခုတည်း လည်ပတ်နေသည်မှာ ထင်ရှားနေသည်။ )ဟုတွေ့ရပါသဖြင့် ဓမ္မစက်ဖြင့် မည်သို့ မည်ပုံလုပ်ဆောင်သင့်သည် လုပ်ဆောင်ရမည်ကို ဆွေးနွေးပေးစေလိုပါသည်။

Post a Comment

Tags

Labels

Blog Archive

Sponsors

Blog Archive

Recent Posts


ShoutMix chat widget